ပြည်သူလူထုတွင် မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေးရှိကြောင်း လှုံ့ဆော်သည့် ပိုစတာများကို Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ် ၆ မြို့နယ်တွင် ယမန်နေ့က လိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း မြောက်ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များ၏ လူစည်ကားရာနေရာများ၊ လမ်းဘေးအုတ်ခုံများ၊ ဘတ်စကားများ၊ ကားရပ်နားရေးစခန်းများ၊ အများသုံးအိမ်သာများနှင့် လမ်းဘေး ဓာတ်တိုင်များတွင် ကပ်ခဲ့ခြင်း ဖြစ်သည်။
“ရည်ရွယ်ချက်က မတရားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲမှာ ဥပဒေအရ ပြည်သူတွေအနေနဲ့ မဲပေးနိုင်တဲ့ အခွင့်အရေးရှိသလို မဲမပေးဘဲ နေနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီကို အရောက်ပို့ပေးတာပါ။ ဒီနည်းက ပြည်သူလူထုတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလို့ ယူဆတဲ့အတွက် လုပ်ဖြစ်တာပါ” ဟု GW မှ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်စုံဝင်းက မဇ္ဈိမကို ပြောသည်။ အလျား ၁ ပေ၊ အနံ ၈ လက္မရှိ ပိုစတာတွင် ဘယ်ဘက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရှိပြီး ညာဘက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူသို့ ပြောကြားထားသည့် “ပြည်သူတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ မဲပေးခွင့်ရှိသလို မဲမပေးဘဲလည်း နေခွင့်ရှိတယ်” ဟူသော စာသား ပါရှိသည်။ Continue reading »
၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖစစ်အစိုးရက ကြေညာလိုက်ခြင်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု မရှိစေရန် တမင်အကွက်ချ၍ စီစဉ်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန်လိုက်သည်။ “ဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ဒေါ်စုက ပြောထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ကျင်းပရက်ကိုလည်း ဒေါ်စု မလွတ်သေးတဲ့ကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်။ ဒါက ဒီရွေးကောက်ပွဲမှာ အစကတည်းကိုက ဒေါ်စု မပါအောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်အကွက်ဆင် စီစဉ်ထားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ပြီး ယခု ရွေးကောက်ပွဲကို သူမ လွတ်မြောက်ရက် မတိုင်မီ တပတ်အလိုတွင် ကျင်းပရန် စီစဉ်သည့်အပေါ် ဦးဝင်းတင်က ပြောကြားလိုက်ခြင်းဖြစ်သည်။ ၎င်းက “ရွေးကောက်ပွဲ လုပ်တဲ့ကာလမှာ ဒေါ်စု အပြင်မှာရှိနေရင် သူတို့အတွက် အန္တရာယ်များတယ် သို့တည်းမဟုတ် အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ယူဆလို့ ဒီလိုလုပ်တာလို့ ကျနော် မြင်တယ်။ ဒါက အဓိက အချက်ပဲ” ဟု ပြောသည်။ ပြီးခဲ့သည့် မတ် (၈) ရက်ထုတ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများအနေဖြင့် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု နအဖစစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။ Continue reading »
အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရက်ကို နအဖ ရုပ်သံနှင့် အသံလွှင့်မီဒီယာမှ ယနေ့ကြေညာသည်။ ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက် (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့ကို သြဂုတ် (၁၆) ရက်မှ သြဂုတ်လကုန်ထိ လက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ကို ကြေညာသွားခြင်းဖြစ်သည်။
ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၄၇) ဖွဲ့ရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အားစာရင်း တင်ပြကြရာတွင် ပါတီ (၁၄) ပါတီသာရှိသေးကြောင်း ကော်မရှင်၏ တရားဝင်စာရင်းများအရ သိရသည်။ သြဂုတ် (၁၂) ရက် ယမန်နေ့ကလည်း အစိုးရပိုင်သတင်းစာများတွင် မဲဆန္ဒနယ်မြေပေါင်း (၃၃၀) သတ်မှတ်ကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း (၉၀) ခန့်အလိုတွင်မှ နအဖစစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ Continue reading »
(၄)
သတ်မှတ်ထားသည့်ရက်ထက် ၂ ရက်စော၍ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင်၊ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ကြ၏။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက …
(က) ပါတီစုံစံနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကျင်းပပေးရန်
(ခ) ပါတီစုံစံနစ်ဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသော အခြေခံဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အခြားဥပဒေ၊ နည်းဥပဒေများက ပယ်ဖျက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ရန်
(ဂ) အခြေခံဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) အရ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်၏ ပုံမှန်သက်တမ်းသည် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး၍ ပြည်သူ့လွှတ်တော်အသစ် စတင်စည်းဝေးသည့် နေ့အထိသာ ဖြစ်ကြောင်း သတ်မှတ်ရန်
(ဃ) တရားမျှတသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးအပ်ရန်
၁။ ဦးဘဋ္ဌေး (အငြိမ်းစား၊ ဘဏ္ဍာတော်မင်းကြီး)
၂။ ဦးကျော်ညွန့် (အငြိမ်းစား၊ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)
၃။ ဦးစန်းမောင် (အငြိမ်းစား၊ ချွေတာစုဆောင်းရေးနှင့် အာမခံစာချုပ်မင်းကြီး)
၎။ ဦးစောကြာဒိုး (အငြိမ်းစား ဗိုလ်မှူးချုပ်)
၅။ ဆရာချယ် (ယခင်ပါလီမန်အမတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(င) ပါတီအဖွဲ့အစည်းများကို မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းတာဝန်များ ရေးဆွဲပြဋ္ဌာန်းပေးခြင်းတို့ကို ကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော် ကောင်စီသို့ လွှဲအပ်ရန် Continue reading »
(၁)
၁၉၈၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် သမ္မတဒေါက်တာမောင်မောင်၏ မဆလအုပ်ချုပ်ရေး အဖွဲ့သစ်သည် စစ်အုပ်ချုပ်ရေးဥပဒေ (မာရှယ်လော) အား ရုပ်သိမ်းလိုက်၏။ ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ‘ပြည်သူ့ဆန္ဒလေ့လာရေးကော်မရှင်’ ဖွဲ့စည်းပေးပြီး၊ ‘တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ်ကျင့်သုံးရေး ပြည်သူ့ဆန္ဒခံယူပွဲများ ပြုလုပ်ပေးမည်ဟု ဆိုလာသည်။ ဤတွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ထံသို့ ပေးပို့သည့် မျိုးချစ်တပ်မှူးဟောင်းကြီးများ၏ အချက် ၁ဝ ချက်ပါသော တင်ပြချက်တစောင် ထွက်ပေါ်လာခဲ့သည်။ မျိုးချစ်တပ်မှူးကြီးများ၏ တင်ပြချက်သတင်းကို ရန်ကုန်နှင့် မန္တလေးထုတ် လွတ်လပ်သည့် သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြခဲ့ကြ၏။
“မျိုးချစ်တပ်မှူးဟောင်းကြီးများက နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌထံသို့ အချက် ၁ဝ ချက် ပါသော တင်ပြချက်တရပ်အား၊ ၂၃၊ ၈၊ ၈၈ နေ့စွဲဖြင့် ထွက်ပေါ်လာပါသည်။ ထိုအချက် ၁ဝ ချက်တွင် ‘တပါတီလော – ပါတီစုံလော’ ပြည်သူ့ဆန္ဒ ခံယူနေစရာမလိုတော့ကြောင်းနှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေး၍ ဒီမိုကရေစီ ရွေးချယ်တင်မြောက်ပွဲများ ပြုလုပ်ပေးရန် အဓိကဖော်ပြထားသည်။ Continue reading »
ရှစ်လေးလုံး အရေးတော်ပုံ ၂၂ ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ မင်္ဂလာ တောင်ညွှန့် မြို့နယ် အရှင် အာဒိစ္စ၀ံသ ကျောင်းတိုက်တွင် ကျင်းပသော ယင်း အခမ်းအနားသို့ NLD ပါတီဝင်များ အပြင် ရွေးကောက်ပွဲ ၀င်ရန် ပါတီမှတ်ပုံ တင်ထားသည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ် ပါတီ စသည့် နိုင်ငံရေး ပါတီဝင်များ ပါဝင်သည့် ပရိတ်သတ် ၃၀၀ ကျော် တက်ရောက် ခဲ့ကြကာ ပင့်သံဃာ ၇၅ ပါးကို ၀ါဆိုသင်္ကန်း ကပ်လှူခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံ အတွင်း ကျဆုံးခဲ့သူ များအား အမျှအတန်း ပေးဝေ ခဲ့ကြောင်း သိရသည်။ Continue reading »
ရှစ်လေးလုံးအရေးတော်ပုံ (၂၂) နှစ်ပြည့်နေ့တွင် ရန်ကုန်မြို့၌ ယမန်နှစ်ကလောက် လုံခြုံရေး မတင်းကျပ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော်ခန်းမရှေ့၊ ကမ္ဘာအေးစေတီလမ်း၊ အင်းစိန်လမ်းမ၊ လှည်းတန်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းမ၊ ရွှေဂုံတိုင်မီးပွိုင့် စသည်တို့တွင် လုံခြုံရေးရဲကားများ အပြည့်ချထားခဲ့သော်လည်း ယခုနှစ်တွင် ယင်းသို့ချထားခြင်းမရှိဘဲ လုံခြုံရေးလျှော့ချထားကြောင်း မျက်မြင်များက ပြောသည်။
ရန်ကုန်တိုင်းအတွင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်မြို့တွင် တပ်သားများက စုငွေပြန်တောင်းသည့်ကိစ္စနှင့်ပတ်သက်၍ တပ်တွင်းဆူပူမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ နေပြည်တော်မှ လုံခြုံရေးအင်အားများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အင်အားတိုးချထားကာ စောင့်ကြည့်နေကြောင်း၊ ထို့ကြောင့် ရန်ကုန်တွင် ယခင်နှစ်ကလောက် လုံခြုံရေး ချနိုင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူက ပြောသည်။ Continue reading »
၂၂ နှစ်နှစ်မြောက် ၈၈ နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ရင်ထဲက ၈၈ ဆိုတဲ့သီချင်းနဲ့ ပြန်လည်အောက်မေ့လိုက်ပါတယ်… တေးရေးသူ တေးဆိုသူနှင့် သီချင်းဖြစ်မြောက်လာအောင် ကြိုးပန်းသူများကို ဒီနေရာမှ အထူးကျေးဇူးတင်ရှိပါတယ်… ဒီသီချင်းဗီဒီယိုရေးကိုကြည့်ပြီး လွန်ခဲ့တဲ့ ၂၂ နှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်အောက်မေ့ရအောင်…